ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၂၀-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ပြည်သူ့ဆေးရုံ၊ တောင်ငူမြို့သို့ရောက်ရှိပြီး အရေးပေါ်ဆေးကုသမှုဌာန၊ အထူးကုပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ကျေက်ကပ်သွေးသန့်စင်ခန်း၊ ခွဲစိတ်ခန်းတို့သို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။

ထို့နောက် ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့၊ အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့ရှိ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသော အရေးပေါ်ဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအား တွေ့ဆုံကာ အမှာစကားပြောကြားရာတွင် လက်ရှိတွင် ဖြစ်ပွားနေသော ရေကြီးမှုဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြပါသော ကျန်းမာရေးဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြမှုများအပေါ် ကျေးဇူးတင်ရှိအသိအမှတ်ပြုပါကြောင်း၊ သဘာဝဘေးဖြစ်စဉ်များ သည် ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရေဘေးသင့်ဒေသများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးကုဆရာဝန်ကြီးများအပါအဝင် သူနာပြုဆရာမကြီးများအနေဖြင့်လည်း လူနာများအား မိသားစု သဖွယ် စဉ်းစား၍ လူနာများအား ပြုစုစောင့်ရှောက်ကုသပေးကြရန်နှင့် လူနာဘေးကင်းလုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဆေးရုံသုံးစက်ပစ္စည်းများသည် တန်ဖိုးကြီးမားသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အဆိုပါ နိုင်ငံပိုင်ပစ္စည်းများဆုံးရှုံးမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ် ဆေးကုသရေး အဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ စေလွှတ်ရာတွင်လည်း လိုအပ်သောပစ္စည်းများကို တစ်ပါတည်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ လှူဒါန်းမှုရရှိစေရန်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ ပြည်သူများသိရှိအောင် ထုတ်ပြန်ထားသော အလှူရှင်များအတွက် တိုက်တွန်းပန်ကြားချက်ကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူလူထုသို့ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများ (၇၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၅)သိန်း၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ကျန်းမာရေးဝန်ထမ်းများနှင့် ရေဘေးသင့်ဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိကြသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ (၄၉၀)ဦးနေထိုင်လျက်ရှိသော ဒက္ခိဏရာမရေဘေးကယ်ဆယ်ရေးစခန်းနှင့် ရေဘေးသင့်ပြည်သူ (၅၁၂)ဦးနေထိုင်လျက်ရှိသော အထက (၃) ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုကာ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါကြောင်း၊ ဒက္ခိဏရာမစာသင်တိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုဏ္ဍလအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများ အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာပို့ ထောက်ပံ့ငွေကျပ် (၂၃၆၀၄၀၀)ကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း၊ ဒက္ခိဏရာမစာသင်တိုက်တွင် ဖွင့်လှစ် ထားသော ဇီဝကအခမဲ့ဆေးခန်းတွင် အရေးပေါ်ဆေးအဖွဲ့နှင့် ‌‌‌‌‌‌‌‌အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များမှ ကျန်းမာရေး‌စောင့်ရှောက်ပေးနေမှု အခြေအနေများအား ကြည့်ရှုကာ အဆိုပါကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများအား လတ်ဆတ်သော အစားအစာနှင့် ပူပူနွေးနွေး ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးရန်၊ ရက်ကျော်နှင့် အချိန်ကျော်သိမ်းထားသော အစားအစာများကို စားသုံးခြင်းမပြုရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ မိမိတို့ နေအိမ်ရှိ သောက်ရေသုံးရေများအား ရေသန့်ဆေးပြား ထည့်ပြီးမှသာ အသုံးပြုရန်နှင့် နေအိမ်များသို့ ပြန်ရောက်သည့်အခါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောနေအိမ်များသို့ ပြန်လည်သွားရောက်နေထိုင်ချိန်တွင် သတိပြု လိုက်နာဆောင်ရွက်ရန်အချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် အရေးပေါ်ဆေးအဖွဲ့များအနေဖြင့် တောင်ငူမြို့နယ်တွင် (၁၄) ဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(၉၀)ဖွဲ့မှ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Author: MOHSAdmin3 Last modified on Saturday, 21 Sep 2024

More Tags

AltStyle によって変換されたページ (->オリジナル) /