19 Sep 24MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အစာအဆိပ်သင့်လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုနယ်မြေ-နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၈-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)နှင့် ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့သို့ သွားရောက်ကာ ပြည်ထောင်စု နယ်မြေ-နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာမှ အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသ နေသော လူနာများအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်ရှိ ကလေးလူနာ(၅)ဦး၏ အခြေအနေအား သွားရောက်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ပါကြောင်း၊ လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင် ၃၀၀)၊ ဆေးကုသဆောင်ရှိ အစာအဆိပ်သင့် လူနာ(၄)ဦး၏ အခြေအနေအား သွားရောက် ကြည့်ရှုကာအားပေးစကားပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် အားဆေးများပေးအပ်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့သို့ တက်ရောက်ကုသခဲ့သော အတွင်းလူနာ(၅၆)ဦးအနက် (၃၅)ဦးမှာ ကျန်းမာရေးကောင်းမွန်၍ သက်သာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသော လူနာ(၂၁)ဦးအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ လူနာများအား သေချာစွာစောင့်ကြပ်ကြည့်ရှုကုသရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတက်ရောက် ကုသနေသော လူနာများအား ရင်းရင်းနှီးနှီး လည့်လှည်ကြည့်ရှုပြီး လတ်ဆတ်သော အစားအစာနှင့် ပူပူနွေးနွေးချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးရန်၊ ရက်ကျော်နှင့် အချိန် ကျော်သိမ်းထားသော အစားအစာများကို စားသုံးခြင်းမပြုရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ မိမိတို့နေအိမ်ရှိ သောက်ရေသုံးရေများအား ရေသန့်ဆေးပြားထည့်ပြီးမှသာ အသုံးပြုရန်နှင့် နေအိမ်များသို့ ပြန်ရောက်သည့်အခါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော နေအိမ်များသို့ ပြန်လည်သွားရောက်နေထိုင်ချိန်တွင် သတိပြုလိုက်နာ ဆောင်ရွက်ရန် အချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Author: MOHSAdmin3 Last modified on Thursday, 19 Sep 24

More Tags

AltStyle によって変換されたページ (->オリジナル) /